ဆရာဝန်လင်မယား ၏ ညှင်းပန်းနှိပ်စက်မှုကို ခံလိုက်ရတဲ့ အိမ်အကူမလေး မသန်းသန်းစိုး(၁၄နှစ်) ရဲ့ အဖြစ်အပျက်အကြောင်း တစေ့တစောင်း
လူ့အသိုင်းအ၀ိုင်းနဲ့ အနီးကပ်မှာရှိနေတဲ့ အိမ်နံရံတွေရဲ့ အခြားတစ်ဖက်မှာ ချောင်ပိတ်နှိပ်စက်ခံနေရတဲ့ အိမ်အကူ ကလေးငယ်တွေရှိနေတယ်ဆိုတာကို အသက် ၁၄ နှစ်အရွယ် မသန်းသန်းစိုးရဲ့ အဖြစ်ဆိုးက မီးမောင်းထိုးပြလိုက်ပါပြီ။
မသန်းသန်းစိုးလေးဟာ မွေးရာပါ နှုတ်ခမ်းကွဲသူလို ပုံစံပျက်သွားတဲ့ နှုတ်ခမ်း၊ ရိုက်နှက်မှုကြောင့် ကျိုးသွားတဲ့လက်၊ အနာရွတ်တွေထင်ထင်ရှားရှားမြင်နေရတဲ့ မျက်နှာပိုင်ရှင်ဘ၀ ရောက်သွားခဲ့ရတာပါ။ မြို့ပြရန်ကုန်ရဲ့ ပညာတတ်အလွှာ ဆရာဝန်ဇနီးမောင်နှံအိမ်မှာ အိမ်အကူလုပ်ရင်း တစ်နှစ်နဲ့ရှစ်လကြာအောင် မိဘ၊ ဆွေမျိုးပတ်ဝန်းကျင်နဲ့ အဆက်အသွယ်လုပ်ခွင့်မရခဲ့တဲ့ မသန်းသန်းစိုးဟာ အဲဒီကာလအတွင်း အိမ်ရှင်တွေရဲ့ ရိုက်နှက်မှုဒဏ်ကြောင် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူတစ်ယောက်ဘ၀ကို ရောက်သွားခဲ့ရပါတယ်။
သူက မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်တဲ့ မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်လင်မယားအိမ်မှာ ၂၀၁၂ ခုနှစ်ကစပြီး ၂၀၁၄ ခုနှစ်၊ သြဂုတ်လအထိ အိမ်အကူလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
7Day (Sep 12, 2014)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
"ကျွန်ပြုခြင်းကို တွန်းလှန်ရန်အချိန်"
------ ------ ------
ရန်ကုန်လူထုကို လှုပ်နှိုးလိုက်သည့် ခေတ်သစ် လူသားချင်းကျွန်ပြုမှုတစ်ရပ် မကြာသေးမီက ဖြစ်ပွားခဲ့သည်။ အသက်(၁၄)နှစ်အရွယ် မြန်မာကလေးငယ် မသန်းသန်းစိုးတစ်ယောက် ရန်ကုန်မြို့ရှိ ဆရာဝန်ဇနီးမောင်နှံအိမ်၌ အိမ်အကူအဖြစ် ၂ နှစ်နီးပါး အလုပ်လုပ်ပြီးချိန်တွင် ရရှိလိုက်သည်က မွေးရာပါနှုတ်ခမ်းကွဲသူလို ပုံစံပျက်သွားသည့် နှုတ်ခမ်း၊ ရိုက်နှက်မှုကြောင့် ကျိုးသွားသည့်လက်၊ အမာရွတ်များ ထင်ထင်ရှားရှား မြင်နေရသည့်ဘဝမျိုးပဲ ဖြစ်သည်။
မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်မောင်နှံအိမ်တွင် ၂၀၁၂ မှ ၂၀၁၄ သြဂုတ်အထိ တစ်နှစ်နှင့်ရှစ်လကြာတိုင် အလုပ်လုပ်ခဲ့သော ကာလအတွင်း မသန်းသန်းစိုးမှာ မိဘ၊ ဆွေမျိုးပတ်ဝန်းကျင်နှင့် အဆက်အသွယ် လုပ်ခွင့်မရခဲ့သလို အလုပ်ရှင်၏ နှိပ်စက်ညှဉ်းပန်းမှုပါခံလိုက်ရ၏။ ယင်းအမှုအတွက် အလုပ်ရှင်လင်မယားကို အမှုသုံးမှုဖြင့် ထောက်ကြန့်ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ ဆယ်ကျော်သက်ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်မှ ပုံပျက်ပန်းပျက်ဒဏ်ရာအနာတရများ ကတော့ ခေတ်မီနည်းပညာများဖြင့် ကုသပေးမည့်သူ မပေါ်လာမချင်း သေရာပါတော့မည်ဖြစ်သည်။
မသန်းသန်းစိုး၏ အဖြစ်ဆိုးက ရန်ကုန်မြို့ရှိ အဆောက်အအုံများ၊ လူနေအိမ်များထဲတွင် ရုန်းကန်ရှင်သန်နေကြသော အိမ်အကူကလေးငယ်များ၏ လူမသိသူမသိ ဘဝမြောက်မြားစွာထဲမှ လူသိသွားသော ဖြစ်ရပ် တစ်ခုသာ ဖြစ်သည်။
ကျွန်ပြုမှုဆန့်ကျင်လှုံ့ဆော်သည့် လူ့အခွင့်အရေးအဖွဲ့အစည်းကြီးတစ်ခုဖြစ်သော Walk Free Foundation ၏ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ခေတ်သစ်ကျွန်ပြုခံရသူပေါင်း ၂၃၀,၀၀၀ ကျော်ရှိနေသည်။ ယင်းလူဦးရေပမာဏမှာ ကယားပြည်နယ်တစ်ပြည်နယ်လုံးစာ လူဦးရေနီးပါးရှိ၏။
7Day ( November 26, 2014)

Reviewed by Unknown
on
7:39:00 AM
Rating:
Reviewed by Unknown
on
7:39:00 AM
Rating: