မင်္ဂလာတောင်ညွန့်ရဲစခန်းအတွင်း ရဲလေးဦး မူးယစ်ရမ်းကား


ရန်ကုန်၊ ဩဂုတ် ၁၁ 

မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် ဩဂုတ် ၁၀ ရက် ည ၁၀ နာရီက အရက်မူးနေသော ရဲတပ်သား လေးဦးက ရဲစခန်းဝင်းရှိ AD Van အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် အမှုစစ်အခန်းရှိ မှန်ချပ်များကို သံတုတ်ဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။
အဆိုပါ ရဲတပ်သား လေးဦးမှာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းရှိ လူပျိုဆောင်တွင် နေထိုင်သူများဖြစ်ပြီး ယင်းညက အခန်းအတွင်း ၎င်းတို့အဖွဲ့ အရက်သေစာသောက်စားနေစဉ် ရဲအရာရှိတစ်ဦးက လှည့်ကင်းထွက်ရန် လာခေါ်သည်ကို မကျေမနပ်ဖြစ်ကာ အော်ဟစ်ပြောဆိုကာ အမှုစစ်အခန်းရှိ မှန်တံခါးချပ်များနှင့် စခန်းရှေ့ ရပ်ထားသည့် မော်တော်ယာဉ်တစ်စီး၏ လေကာမှန်၊ ဘေးမှန်နှင့် ရှေ့မီးသီးများကို သံတုတ်ဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ယင်းရဲစခန်းအနီး နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။
“အလုပ်ခွဲတမ်း ချတဲ့အပေါ် မကျေနပ်ဖြစ်ပြီး ရဲအရာရှိတစ်ဦးကို အော်ဟစ်ပြောဆိုပြီး သံတုတ်နဲ့ စခန်းထဲက ပြတင်းပေါက်မှာ တပ်ဆင်ထားတဲ့ တံခါးမှန်ချပ်တွေနဲ့ ကားမှန်တွေကို သံတုတ်နဲ့ ရိုက်ခွဲဖျက်ဆီးနေတာ။ ပျက်စီးသွားတဲ့ကားက ရဲအရာရှိရဲ့ကားလို့ သိရတယ်” ဟု ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သော အမျိုးသားတစ်ဦးက ပြောကြားသည်။
ရဲစခန်းထဲ အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားခဲ့သည့် ရဲတပ်သားလေးဦးကို ရဲစည်းကမ်းဥပဒေအရ အရေးယူရန်စုံခုံဖွဲ့ စစ်ဆေးနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
The Voice
မင်္ဂလာတောင်ညွန့်ရဲစခန်းအတွင်း ရဲလေးဦး မူးယစ်ရမ်းကား မင်္ဂလာတောင်ညွန့်ရဲစခန်းအတွင်း ရဲလေးဦး မူးယစ်ရမ်းကား Reviewed by Unknown on 9:10:00 PM Rating: 5
Powered by Blogger.