ချစ်သူနောက် ခိုးရာလိုက်သည့် အသက် ၁၃ နှစ်အရွယ်ခုနစ်တန်းကျောင်းသူနှစ်ဦး ပြည်သူ့ရင်ပြင်တွင် ပစ်ထားခံရ


ခိုးရာလိုက်ပြေးခဲ့သည့် အသက် ၁၃ နှစ်အရွယ် ခုနစ်တန်းကျောင်းသူနှစ်ဦးကို ၎င်းတို့၏ ချစ်သူအမျိုးသားနှစ်ဦးက အလုပ်ရှာဦးမည်ဟုဆိုကာ သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက ပြည်သူ့ရင်ပြင်တွင် ထား၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါကျောင်းသူနှစ်ဦးမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၀)ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး သြဂုတ် ၈ ရက်က ကျောင်းမတက်ဘဲ ပြည်သူ့ရင်ပြင်ထဲ လျှောက်လည်ခဲ့ကြောင်း၊ ယင်းနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားနှစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး ချစ်ကြိုက်ရာမှ လှိုင်သာယာမြို့နယ်ရှိ တည်းခိုခန်းတစ်ခုသို့ ခိုးရာလိုက်ပြေးခဲ့ပြီး သုံးရက်ကြာအတူ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း အမှုဖွင့်တိုင် ကြားချက်များအရ လှိုင်သာယာမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"ဒဂုံတောင် ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတဲ့ ကျောင်းသူနှစ်ယောက်ကို ရင်ပြင်ထဲမှာ ပြန်တွေ့ခဲ့တယ်။ သူတို့ကို မေးမြန်းကြည့်တော့ သြဂုတ် ၈ ရက်က ရင်ပြင်ထဲလျှောက်လည်ပြီး လမ်း ဘေးက ခုံတန်းလျားမှာ ညအိပ်ခဲ့တယ်လို့ သိရတယ်။ သြဂုတ် ၉ ရက်နေ့မှာ ကောင်လေးနှစ်ယောက်နဲ့တွေ့ပြီး ရည်းစားဖြစ်ကြရာက ခိုးရာလိုက်ပြေးခဲ့တယ်။ တည်းခိုခန်းတစ်ခုမှာ သုံးရက်ကြာ အတူနေထိုင်ခဲ့ပြီး ကောင်လေးနှစ်ယောက်က သူတို့မှာ အလုပ်မရှိလို့ အလုပ်ထွက်ရှာဦးမယ်ပြောပြီး ကျောင်းသူနှစ်ယောက်ကို ရင်ပြင်ထဲထားခဲ့တာလို့ တိုင်ချက်အရ သိရတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခုနစ်တန်းကျောင်းသူနှစ်ဦးနှင့် ချစ်ကြိုက်ခဲ့သော အသက် ၁၈ နှစ်အရွယ် အမျိုးသားနှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈) ရပ်ကွက်တွင် နေထိုင်သူဟုဆိုသူများဖြစ်ပြီး ၎င်းတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း လှိုင်သာယာမြို့မရဲစခန်းထံမှ သိရှိရသည်။

The voice
ချစ်သူနောက် ခိုးရာလိုက်သည့် အသက် ၁၃ နှစ်အရွယ်ခုနစ်တန်းကျောင်းသူနှစ်ဦး ပြည်သူ့ရင်ပြင်တွင် ပစ်ထားခံရ ချစ်သူနောက် ခိုးရာလိုက်သည့် အသက် ၁၃ နှစ်အရွယ်ခုနစ်တန်းကျောင်းသူနှစ်ဦး ပြည်သူ့ရင်ပြင်တွင် ပစ်ထားခံရ
Reviewed by Unknown on 8:05:00 PM Rating: 5
Powered by Blogger.